ကလေးအသက် (၆)နှစ်မတိုင်ခင်မှာ ပျိုးထောင်ပေးရမယ့် အလေ့အကျင့်ကောင်းများ

ကလေးအသက် (၆)နှစ်မတိုင်ခင်မှာ ပျိုးထောင်ပေးရမယ့် အလေ့အကျင့်ကောင်းများ

ပရိသတ်ကြီးတို့ရေ အသက်ရှင်နေသမျှ ကာလပတ်လုံး ကျွန်မတို့ဟာ ရင်သွေးလေးတွေရဲ့ မိဘတွေအဖြစ်နဲ့ ရပ်တည်နေကြမှာပဲ ဖြစ်ပါတယ်။အဲ့ဒီလိုပဲ တစ်ချိန်မှာတော့ သူတို့လေးတွေဟာ ကြီးပြင်းလာကြမယ် လူကြီးတစ်ယောက်အဖြစ်

ရပ်တည်နေထိုင် လာမယ်ဆိုတာတော့ မေ့ထားလို့မရပါဘူးနော်။ဒါကြောင့်ငယ်ရွယ်တဲ့အချိန်မှာ အမူအကျင့်ကောင်းလေးတွေ အတွေးအခေါ်ကောင်းတွေ ပြုစုပျိုးထောင်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။ဒီလိုမျိုး ပြုစုပျိုးထောင် ပေးလိုက်ခြင်းအားဖြင့်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော အမှီအခိုကင်းသော လူသားဆန်သော သူတစ်ယောက်အဖြစ်နဲ့ ရပ်တည်နေထိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ကလေးလေးတွေဟာ မွေးစကနေ အသက်(၇)နှစ်အရွယ်အထိ ရေမြှုပ်တစ်ခုလိုပါပဲ။

သူပတ်ဝန်းကျင်ကနေ ကောင်းတာ၊ဆိုးတာအကုန်လုံးကို စုပ်ယူတတ်ကြပါတယ်။ဒါကြောင့်ဒီအချိန်ဟာ သူတို့လေးတွေကို အမှားနဲ့အမှန် အကောင်းနဲ့အဆိုး ဝေဖန်ပိုင်းခြားတတ်အောင် လေ့ကျင့်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။

အခုခေတ်မှာ မိဘတွေအနေနဲ့ ပန်းချီ၊ဂီတ၊သင်္ချာ၊အက စတဲ့သင်တန်းတွေကို ပို့ဖို့အားသန်ကြပေမယ့် ငယ်ရွယ်စဉ်ကာလမှာ အဓိကထားပြီး ပြုစုပျိုးထောင်ပေးရမယ့် အလေ့အကျင့်ကောင်းတွေကို အားစိုက်ဖို့ မေ့နေတတ်ကြပါတယ်။

အခုပြောပြပေးမှာကတော့ မိဘတွေကိုယ်တိုင်က စံနမူနာပြလုပ်ရင်း ကလေးလေးတွေကို လေ့ကျင့်ပေးရမယ့် အလေ့အကျင့်ကောင်း ခြောက်ခုပါပဲ။(၁)လေးစားတတ်မှု-မိဘကိုယ်တိုင်က ကလေးကို လေးစားမှုပြရပါမယ်။

ဒါမှကလေးက သူ့ကိုယ်သူရယ် သူ့ပတ်ဝန်းကျင်က သူငယ်ချင်း၊မိတ်ဆွေ၊အပေါင်းအသင်း၊ဆရာ၊ဆရာမတွေရယ် တိရစ္ဆာန်လေးတွေနဲ့ သက်ရှိသက်မဲ့ အားလုံးကို လေးစားတတ်မှာပါ။ဒီလိုလေးစားတတ်မှသာ ကလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး

စိတ်ရောကိုယ်ပါ လုံခြုံမှုတွေကို ရရှိမှာဖြစ်ပါတယ်။ကဲဒါဆို(က)မိဘဖြစ်သူက ကလေးကို လေးစားကြောင်း ဘယ်လိုပြကြမလဲ။(ခ)မိဘက ကလေးကို လေးစားတတ်အောင် ဘယ်လိုသင်ပေးကြမလဲ။ဒါကအရမ်းလွယ်ပါတယ်နော်။

အိမ်မှာပဲစပြီး လေ့ကျင့်ကြပြီး အလျဉ်းသင့်သလို အပြင်သွားရင်း ရောက်တဲ့နေရာမှာ လေ့ကျင့်ပေးလို့ရပါတယ်။မိဘက ကလေးကို လေးစားတာ ဘယ်လိုပြကြမလဲ။(က)ကလေးက ဘာဖြစ်ချင်တာလဲ။ကလေးဆန္ဒကို ဦးစားပေးပြီးမေးပါ။

ဥပမာ-ညနေစာ ဘာစားချင်လဲ။ဘာချက်ပေးရမလဲ။အပြင်သွားမယ်ဆို ဘာဝတ်ချင်လဲ ဘယ်သွားချင်လဲ။ကစားစရာဝယ်တဲ့အခါမှာ သူကြိုက်တာကိုပဲ ရွေးချယ်စေတာမျိုးပါ။(ခ)မိဘက ကလေးကို လေးစားတတ်အောင် ဘယ်လိုသင်ပေးကြမလဲ။

ကလေးကို သူပိုင်ဆိုင်တဲ့ ကစားစရာကလွဲလို့ သူများပစ္စည်းတွေကို ခွင့်မတောင်းဘဲ ယူခြင်း၊လုခြင်းမရှိရအောင် သင်ပေးလို့ရပါတယ်။ဥပမာ-မေမေ့ရဲ့အဝတ်ဘီရို၊မှန်တင်ခုံတွေကို စိတ်ရှိတိုင်း ဖွတာမျိုးကို ခွင့်ပြုမယ့်အစား ကလေးကို

အဝတ်ဘီရို၊မှန်တင်ခုံကနေ ဘာလိုချင်တာလဲလို့မေး လိုချင်တာကိုပဲယူစေပြီး မပျက်စီးစေဘဲ သူ့နေရာသူ ပြန်ထားတတ်အောင် ပြောပြနိုင်ပါတယ်။ဒါကအစပိုင်းမှာ ခက်ခဲနိုင်ပေမယ့် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးပါ။အောင်မြင်ပါတယ်။အကျိုးများပါတယ်နော်။

(၂)တာဝန်ယူတတ်မှု-ကလေးလေးတွေဆိုတာ တစ်သက်လုံး ကလေးအဖြစ်နဲ့ပဲ ရှိနေမှာမဟုတ်ပါဘူးနော်။သူတို့လေးတွေဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာနေမှာပါ။ငယ်ရွယ်စဉ် အခါမှာကတည်းက တာဝန်ယူတတ်အောင်

လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် သူ့ကိုယ်သူ တာဝန်ယူတတ်မယ်။ကျောင်းပညာရေးမှာ ထူးချွန်မယ်။တစ်ချိန်မှာ လုပ်ငန်းခွင်ထဲ ဝင်ရောက်တဲ့အခါမှာလည်း အလုပ်ကြိုးစားပြီး နာမည်ကောင်းရပါမယ်။Toddler(1 to 4 years)အရွယ်ကနေစပြီး

ကစားပြီးတာနဲ့ အရုပ်တွေကို ပြန်သိမ်းတတ်အောင် လေ့ကျင့်ပေးပါ။သူနဲ့တူတူသိမ်းတာမျိုး လုပ်ပေးပါ။သူတစ်ခုခု သိမ်းပြီးတိုင်းမှာ တစ်ခုခု ကောင်းမွန်တာ လုပ်ပြီးတိုင်းမှာ ချီးမွမ်းဖို့ သတိရပါ။ဒါဟာ ဒီအမူအကျင့်ကောင်းလေးကို ထပ်ခါထပ်ခါလုပ်ဖို့

တွန်းအားကောင်းတစ်ခု ခွန်အားတစ်ခုကို ဖြစ်စေပါတယ်။တကယ်လို့သာ ကလေးက သူသိပ်ကြိုက်တဲ့ ကစားစရာလေး တစ်ခုခုကို မတော်တဆ ဖျောက်ဖျက်မိမယ်ဆိုရင်လည်း ချက်ချင်းကြီး ပြန်မဝယ်ပေးပါနဲ့။

ဒီအဖြစ်အပျက်ကနေပြီး သူသင်ခန်းစာရပါစေ။တာဝန်ယူတတ်မှုနဲ့ ပတ်သက်တဲ့ ပုံပြင်၊စာအုပ်မျိုးတွေကို ဖတ်ပြပေးပါ။ပြီးရင်မေးခွန်းလေးတွေ မေးပြီး အပြန်အလှန်ဆွေးနွေးပေးပါ။(၃)ကြံ့ကြံ့ခံနိုင်မှု-အခက်အခဲကို ကြံ့ကြံ့ခံနိုင်အောင်

လေ့ကျင့်ပျိုးထောင်ပေးခြင်းအားဖြင့် အမှားလုပ်မိရင်တောင် နောင်တတွေနဲ့ ပြိုလဲမနေဘဲ အမှားကနေမှတဆင့် သင်ခန်းစာယူနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှု မပျက်ပြားဘဲ ဆက်လက်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

ကလေးကို လွယ်လွယ်ကူကူ လက်မလျှော့တတ်အောင် ထပ်ခါထပ်ခါ ကြိုးစားအားထုတ်တတ်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးနိုင်ပါတယ်။ဥပမာ-Blockတွေ ဆောက်တဲ့အခါ ပြိုကျခဲ့ရင် အားပေးရင်း အမြင့်ကြီးရောက်အောင်

ပြီးတဲ့အထိဆောက်စေတာမျိုး ဆောက်ပြီးတဲ့အခါ အားပေးချီးမွမ်းတာမျိုးပါ။တစ်ဖက်ကလည်း မိဘကိုယ်တိုင်က အခက်အခဲနဲ့ကြုံရင် ဘယ်လိုဖြေရှင်းလဲဆိုတာ ကလေးကို မြင်စေ၊လေ့လာခွင့်ရပါစေ။

ဥပမာ-ပျက်တဲ့ကွန်ပျူတာကို ပြင်တာမျိုး၊ကိုယ်မရပေမယ့် မကြိုက်ပေမယ့် ကလေးကြိုက်တတ်တဲ့ Nursery Rhyme ကိုရအောင် ကျက်မှတ်ပြတာမျိုးပါ။ကလေးနဲ့တူတူလိုက်ဆိုတာမျိုးပါ။(၄)ရိုးသားမှု-ဒီခေါင်းစဉ်ဟာ ကလေးပြုစုစောင့်ရှောက်ရေးမှာ

အရေးအကြီးဆုံးပေမယ့် ကျွန်မတို့တွေ အမြဲမေ့ထားတတ်တဲ့ ခေါင်းစဉ်ဆိုရင်လည်း မမှားပါဘူး။ရိုးသားမှု၊ရိုးဖြောင့်မှုကို ကလေးကိုသင်ချင်ရင် မိဘကိုယ်တိုင်က မိမိတို့ရဲ့ရင်သွေးနဲ့ ဆက်ဆံရေးမှာ ရိုးသားရပါမယ်။

ဘယ်လို ရိုးသားရမလဲဆိုတာကို သိသာမြင်သာတဲ့ ဥပမာပေးရမယ်ဆိုရင် ကလေးကမေးတဲ့ မေးခွန်းတွေအပေါ်မှာ ရိုးသားပါ။ကလေးကမေးရင် ရိုးရိုးသားသားဖြေပါ။မသိရင်လည်း မသိကြောင်း ကိုယ်မှားသွားရင်လည်း မှားကြောင်း ဝန်ခံပါ။

ကလေးက လိမ်ညာခဲ့ရင်လည်း အပြစ်တင်မယ့်အစား အမှန်ကိုပြောရဲအောင် အားပေးပါ။ထပ်ခါထပ်ခါ အားပေးတိုက်တွန်းပါ။ကလေးက အမှန်ကိုပြောတိုင်းမှာလည်း မပြတ်ချီးမွမ်းပါ။(၅)ဂရုစိုက်တတ်မှု-သူတစ်ပါးကို ဂရုစိုက်တတ်တဲ့ ကလေးဟာ

သူတစ်ပါးကို နားလည်တတ် စာနာတတ်ပါတယ်။ဒါကိုဘယ်လိုမျိုး ပြုစုပျိုးထောင်ပေးကြမလဲဆိုရင် အနီးစပ်ဆုံး သူမလိုတော့တဲ့ ကစားစရာနဲ့ အသုံးအဆောင်တွေကို လိုအပ်တဲ့နေရာတွေမှာ တူတူလှူကြတာမျိုး နေမကောင်းတဲ့ သူငယ်ချင်းအတွက်

Get Well Soon Card လေးလုပ်ပြီး လက်ဆောင်လေးဝယ်ပြီး တူတူအားပေးစကား သွားပြောတာမျိုးပါ။(၆)စည်းကမ်းသေဝပ်မှု-ကလေးဘဝကတည်းက စည်းကမ်းရှိတဲ့သူဟာ သူကြီးပြင်းလာလေလေ သူ့ဘဝ တစ်လျှောက်မှာ ကျောင်းစာမှာရော

လုပ်ငန်းခွင်မှာပါ ထူးချွန်ပါတယ်။ဒီအလေ့အကျင့်ကောင်းတွေဟာ ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကိုချရမယ့် အချိန်မျိုး အဖြေရှာရမယ့် အချိန်မျိုးမှာ အရမ်းကိုအထောက်အကူ ဖြစ်ပါတယ်။

ဒါဖြင့်စည်းကမ်းသေဝပ်အောင် ဘယ်လိုလေ့ကျင့်ပေးကြမလဲ။(က)မိဘကိုယ်တိုင်က စည်းကမ်းရှိရပါမယ်။စမိတဲ့အလုပ်တိုင်းကို အဆုံးထိတာဝန်ယူပြီး ပြီးမြောက်စေရပါမယ်။

ကိုယ်စထားတဲ့ လုပ်လက်စတွေကို မိသားစုဝင် တစ်ယောက်ယောက်က ကူရှင်းပေးရတာမျိုး မလုပ်ပြရပါဘူး။(ခ)ကလေးကိုလည်း အချိုပွဲမစားခင် ညစာကို အရင်ပြီးအောင် စားစေတာမျိုး ကိုယ်ကစားထားတာတွေကို ကိုယ့်ဘာသာ သိမ်းစေတာမျိုးပါ။

ဒီလိုအလေ့အကျင့်ကောင်းလေးတွေကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ကလေးက ဘဝမှာ ဘယ်လိုရပ်တည်ရမလဲ ဘာကိုတန်ဖိုးထားရမလဲ ဘယ်လိုပြုမူပြောဆို နေထိုင်ရမလဲဆိုတာ သိလာပါလိမ့်မယ်။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာဟာ အင်မတန်မှနူးညံ့ပြီး အနုပညာဆန်ပါတယ်။ဖယောင်းသားလေးတွေလိုပဲမို့ စနစ်တကျ သူ့နေရာနဲ့သူ ထုဆစ်ပုံဖော်တတ်ဖို့တော့ လိုအပ်ပါတယ်နော်။

ကလေးတစ်ယောက်က သူ့အသက်အရွယ်နဲ့သူ ဖွံ့ဖြိုးတိုးတတ်စေဖို့က ပန်းပျိုးသူလက်ဦးဆရာ မိဘအပေါ်မှာပဲ အများကြီး မှီတည်နေတယ်ဆိုတာလေးကို မိဘတိုင်းကသတိမူသင့်တဲ့

အရေးကြီးဆုံးအချက်တစ်ခုပါပဲနော်။ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ဝနေတဲ့ အိမ်ကလေးမှာ ကလေးလေးတိုင်း ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။

Credit :