NEWS


Written by admm









Crd

Unicode

လွန်ခဲ့တဲ့62 နှစ်က သားအပ်ခဲ့တဲ့ ပထမဆုံးလစာကို အခုအချိန်ထိ သိမ်းထားတဲ့မိခင်ကြီး

အသက် 77 နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ Michael Doherty ဟာ လွန်ခဲ့တဲ့ 62 နှစ် 1955 ခုက သူ့ရဲ့ မိခင် Margaret ကို ပထမဆုံးရတဲ့ လုပ်ခလစာ 2 ပေါင် 15 ရှီလင်၊ 9 ပဲနိကို အပ်ခဲ့ပါတယ်။ မိခင် Margaret ဟာ အခုဆို အသက် 104 နှစ်ရှိနေဆဲဖြစ်ပြီး၊ သတိလည်းကောင်းဆဲ၊ ကျန်းမာနေဆဲလို့ Metro က ဆိုပါတယ်။

မိခင် Margaret က ထိုစဉ်က လစာအပ်ခဲ့တဲ့ Michael ကို အေး အဲဒီပိုက်ဆံ တစ်နေ့တော့ သားကို ပြန်ပေးမယ် လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ မိခင်ကို စောင့်ရှောက်ရေးဂေဟာကို မပို့ခင်မှာ Michel နဲ့ သူရဲ့ မြေးတွေ၊ သားသမီးတွေဟာ Margaret နေထိုင်ခဲ့တဲ့ အခန်းကို ရှင်းလင်းကြပါတယ်။

ထိုသို့ရှင်းလင်းစဉ်မှာ တစ်သီးတစ်ခြား စာအိတ်အညိုလေးနဲ့ သိမ်းဆည်းထားတဲ့ ငွေအကြွေအချို့ကို တွေ့လိုက်ရပါတယ်။ ငွေတန်ဖိုးက မများပါဘူး။ ဒါပေမယ့် ထိုခေတ်ထိုအခါကတော့ ဒီပိုက်ဆံပမာဏနဲ့ တစ်ပတ်စာလောက် ဖူလုံပါတယ်။ အဲဒီငွေတွေကို သေချာစစ်ကြည့်တဲ့အခါ အခုခေတ်ပိုက်ဆံတွေနဲ့ မတူပါဘူး။ ဒီတော့မှ သူ ပေးထားခဲ့တဲ့ ပထမဆုံး လစာဆိုတာ သိလိုက်ရတာပါ။

Michael ဟာ 1955 ခုနှစ်၊ သူ့အသက် 15 နှစ်သားအရွယ်မှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ တစ်ပတ်တစ်ခါ လစာရှင်းလေ့ရှိလို့ တစ်ပတ်ပြည့်မြောက်တဲ့နေ့မှာ သူ့လုပ်အားက 2 ပေါင်၊ 15 ရှိလင်နဲ့၊ 9 ပဲနိတန် အကြွေစေ့တွေ ရခဲ့ပါတယ်။ သူရရှိတဲ့ လုပ်ခလစာကို အမှတ်တရအဖြစ်နဲ့ မိခင်ကို အကုန်အပ်ခဲ့ပါတယ်။

မိခင် Margaret ကတော့ ထိုစဉ်က အသက် 42 သာရှိသေးပြီး၊ သားကို ဒီပိုက်ဆံတစ်နေ့ မင်းကို ပြန်ပေးမယ်-ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ အခုဆို အဖွား Margaret ဟာ အသက် 104 နှစ်ဖြစ်နေပါပြီ။ ပိုက်ဆံတွေ သိမ်းထားတဲ့ စာအိတ်ကလေးကလည်း ထိုစဉ်က လုပ်ခလစာထုတ်စဉ်က ပေးလိုက်တဲ့ စာအိတ်ပါဘဲ။

Michael ဟာ စကော့တလန်နိုင်ငံ၊ Greenock မှာ ဖခင် Michael၊ မိခင် Margaret နဲ့ ညီမတွေဖြစ်ကြတဲ့ Evelyn နဲ့ Veronica တို့နဲ့အတူ ဖြတ်သန်းကြင်လည်ခဲ့ရပါတယ်။ သူ့မိခင်အကြောင်းကို Michael က အမေက ကျနော်တို့ မောင်နှမတွေကို ကောင်းကောင်းမွန်မွန် ထိမ်းသိမ်းစောင့်ရှောက်ခဲ့ပါတယ် ရတဲ့လုပ်ခလေး သူ့ကို အပ်တော့ ပြန်ပေးမယ်တဲ့ အဲဒီတုန်းက ကျနော် 15 နှစ်သားပေါ့ ဒီပိုက်ဆံပမာဏက အတော်လေးကို များပြားတဲ့ ပမာဏပါဘဲ ..လို့ ပြန်ပြောပါတယ်။

သူက ဆက်လက်ပြီး 9 ပဲနိဆိုတာ မများဘူးလို့ အခုခေတ်လူတွေက ထင်ကြတယ် တကယ်တော့ ဒီပမာဏနဲ့ တော်တော်လေး သုံးလို့စွဲလို့ အဆင်ပြေပါတယ်ဗျ လို့ ပြောပါတယ်။ ထိုခေတ်ထိုအခါက ပျမ်းမျှလုပ်ခလစာမှာတော့ အမြင့်ဆုံးအဖြစ် 9.25 ပေါင် ဖြစ်ပါတယ်။ အိမ်တစ်လုံးရဲ့ တန်ဖိုးကတော့ ပေါင် 2064 သာရှိပြီး၊ ဒီပမာဏကို ပိုင်ဆိုင်ပြီဆိုရင် သူဌေးကြီးတွေလို့ ထင်မှတ်ခံရတဲ့ ခေတ်ပါ။

About the author

admm